ပညာမဲ့တှေပါ
📚
ဝမ်းစာ
_________________ K
ပညာမဲ့တွေပါ …
အရွယ်နဲ့မမျှ ဘဝခါးခဲ့ပေမယ့်
ကျနော်တို့လက်နှစ်ဖက်မှာ
အမေ ခွန်အားတွေထည့်ပေးခဲ့တယ် ။
ဘယ်သူပြောလဲ ……
ကျနော်တို့ဘဝ နုံချာတယ်လို့
အဝတ်ဗလာ ခါးနံငယ်ပိုင်းနဲ့
ဘဝတစ်ပိုင်းတိုင်ခဲ့လည်းပျော်တယ်
ငရုတ်သီးတစ်ပုံ ဆားတစ်ပုံနဲ့လည်း
ကျနော်တို့ ဖူလုံတယ် ။
နေညိုရင် အမေအိုမျှော်နေမလားအတွေး
တစ်ပွဲစားကျနော့်ရင်ကို နွေးစေတိုင်း
ဘဝပေးအသိနဲ့ဟင်းစားရှိမယ့်နေရာမှာ
ကျနော့်ခြေရာတွေ ပိုက်စိပ်တိုက်ခဲ့ ။
ဟော …… တစ်ကောင် ……
ဟော …… တစ်ကောင် ……
အိမ်ပြန်ခြေလှမ်းတွေဟာ ကျနော့်ညီလေးပုခုံးကိုဖက်ရင်း …… ခပ်သွက်သွက်
ကျနော်ဆိုတာ
ငရဲကိုလီတာနဲ့ဖြည့်နေခဲ့မိသူ ။
ထရံပေါက် ကွက်တိကွက်ကြားက
စိုးရိမ်တကြီးမျှော်ရှာတဲ့
အမေ့မျက်ဝန်းညို အမေ့အပြုံးစိုစိုအတွက်
အဲဒီနောင်တကိုရိတ်သိမ်း
ငြိမ်းအေးစေလိုက်ရတာ အခါခါ ။
့ရွှံ့နွံလူးနေတဲ့
ကျနော့်ညီလေးရဲ့ရယ်သံဟာ
ကျနော့်မနက်စာ
လက်ခုပ်ကလေးတီး ပျော်နေတဲ့လက်ကလေးကိုဆုပ်ကိုင်လို့ အေးစက်နေတဲ့နဖူးလေးနမ်းရင်း ကျနော့်ဆာလောင်ခြင်းတွေကုန်ဆုံးစေခဲ့တယ် ။
အပြန်လမ်းမှာအနောက်တောင်ဖက်က မိုးညိုညို မြင်တော့ ကျားကန်ထားတဲ့အိမ်အို
ဒီတစ်ခါ မာန်တင်းနိုင်ပါဦးမလားတွေးရင်း
လက်သီးကိုခပ်တင်းတင်းဆုပ်
အော် …… ဒီတစ်မိုးလည်း
ပန်းချီဆန်စွာ ပလပ်စတစ်ရောင်စုံနဲ့ခေါင်လုံဖို့
ဖာရထေးရပြန်ဦးမယ် ။
ဆေးစက်ကျတဲ့ အရုပ်တွေပါ
ရေချမ်းသက်စေ့ ပန်းသက်စေ့မလှူနိုင်ပေမယ့်
နွံအိုင်စပ်က ကြာပန်းတချို့ဟာ
ကျနော့်ဆုတောင်းစာပေါ့ ။
ဘုရားစင်အောက်က
အမေ့မေတ္တာပို့သံ
သတ္တဝါတွေ ကျန်းမာပါစေ … တဲ့
ဒီအသံကြားတိုင်း
ကျနော်သွေးရဲခဲ့တဲ့နာမ်တွေအတွက်
မျက်ရည်ဝဲခဲ့ရတာအကြိမ်ကြိမ် ။
ဝမ်းတစ်ထွာအူစိုဖို့ အကုသိုလ်ကို
အလိုက်ပေးပြီးဝယ်ခဲ့တာ _ ကျနော်ပါ
နောက်ကျောမှာနေလောင်ကွက်နဲ့
အပါယ်တံခါးဖွင့်မယ့်ကောင်ဟာ _ ကျနော်ပါ ။
ကြိုးမဲ့စွန်တွေအတွက်
ကျနော်ငေးကြည့်ခဲ့ဖူးတဲ့ စာသင်ခန်း
တစ်လုံးတစ်ပိုင်း ကျနော်သင်ခဲ့ရတဲ့ဗျည်းတချို့
ဆင်းရဲခြင်းဖိနပ်အောက်မှာ
ရုပ်ထွက်မကောင်းတဲ့ ဖလင်တစ်ခုလို
ဝေဝေဝါးဝါး လောကဓံက,နှိုက်စားသွားခဲ့ပြီ ။
လေဟုန်လည်း မဝဲနိုင်ပဲ
ဘဝမုန်တိုင်းထဲမှာ အရွေ့စွမ်းအင်နဲ့အတူ
ဝမ်းစာဟာ အသက်ရှူ ကြပ်ရင်း
တိမ်သားညိုညိုအောက်က
ချောင်းစပ်လတာပြင်နံဘေး
ပါဏာတိပါတာကံကို ဟင်းအိုးထဲထည့်
ဆာလောင်ခြင်းတစ်ချို့တစ်ဝက်နဲ့
ကျနော်မိုက်တွင်းနက်ခဲ့ပြန်ပြီ …… အမေ ။
K ;
🖊️ ခင်မွန်မွန်ခ
Comments
Post a Comment